မြစ်ကြီးနား ဒီဇင်ဘာ ၁၀
နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိကာလအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ အမျိုးသမီးများအပေါ် ဒီဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေးအားလုံး ပူးပေါင်းဆောင်ရွက်ပေးဆောင်ပုဒ်ဖြင့် အဆိုပါ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို (၁၆)ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာပေးပွဲများ၊ ပိုစတာစိုက်ထူးခြင်း၊ မီဒီယာများမှတဆင့် အသိပညာပေးခြင်း အစီအစဉ်များဖြင့် လူထုစုပေါင်းလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုအကြား ကျား/မအခြေပြု အကြမ်းဖက်မှုပပျောက်ရေး သတင်းအချက်များ ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျား/မအခြေပြုအကြမ်းဖက်ခြင်းနှင့် အခြားအကြမ်းဖက်မှုမျိုးစုံ ရပ်တန့်စေရေးအတွက် အမျိုးသမီးများအပေါ် တန်ဖိုးထားလေးစားပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ဗီဒီယိုကလစ်ကိုဖွင့်လှစ်ပြသခဲ့ကြပြီး မေတ္တာရင်ခွင် ပရဟိတဂေဟာ၊ မေတ္တာရိပ်မြုံမရဟိတ ဂေဟာ၊ သံလွင်ပင်ပရဟိဂေဟာ တို့မှတေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဌာနအလိုက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှု၍ ဌာနများအလိုက် ရန်ပုံငွေရရှိသည့်အပေါ် ဒေသလိုအပ်ချက်များနှင့်အညီ တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် ရေပေးဝေရေး၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ ဆည်ရေရရှိရေး လုပ်ငန်းများစသည့်တို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ဒါဆိုင်ရာစံသတ်မှတ်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည့် ဒေသခံလုပ်ငန်းရှင်များ၊ ကုမ္ပဏီများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့တင်ဒါယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအလိုက် အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီး ရေးကို အလေးထားလုပ်ဆောင်ကြစေလိုကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများရှိပါက ဖြည့်ဆည်းကူညီဆောင်ရွက်ပေးနိုင်ရေး ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စီမံကိန်းများ အခြေအနေနှင့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းစီမံကိန်းများအပေါ် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအလိုက် သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တွန်းအားပေးကြပ် မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို တင်ပြကြ သည်။
ယင်းနောက် ကုမ္ပဏီလုပ်ငန်းရှင်များကလည်း တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည့် အစီအမံများနှင့် လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများကို သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သတ်မှတ်ချိန်အတွင်း သတ်မှတ်အရည်အသွေးပြည့်မီအောင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးရေးနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်သွားကြရေး လိုအပ်သည်များကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- ၄ / ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င ၊ ၃၅ /၂စ ၌ ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ် အလျား ၂၀၆ ပေ၊ အနံ ၁၅၃ ပေရှိ သံကူကွန်ကရစ် (၄) ထပ် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့်အတူ အဆောက်အဦသစ်အား တာဝန်ယူဆောက်လုပ်သည့် G-3 ကုမ္ပဏီတာဝန်ရှိ သူနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးရမည့် မြေသားပြုပြင်ခြင်းလုပ်ငန်း နှင့် အောက်ခြေဖောင်ဒေးရှင်းဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ခြံစည်းရိုးအုတ်ကာရံခြင်းနှင့် Ground Tank တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကာ လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)