ပုသိမ် ဒီဇင်ဘာ ၁၀
မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဖော်ဆောင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-မုံရွာလမ်းမကြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့တွင် ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ခရီးသည် ယာဉ်များအား “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြစို့”၊ “ ဒီမိုကရေစီပန်းတိုင်ဆီ မဲပေးခြင်း ဖြင့်တို့လှမ်းချီ”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ၊ “တိုင်းပြည် သာယာဝပြောရေး နိုင်ငံသားတိုင်းမဲပေးပေး”၊ လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်” စတစ်ကာများကို ကပ်နှံပေးခဲ့ပြီးနောက် ဌာနဆိုင်ရာများနှင့်အတူ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)