စဉ့်ကိုင်မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် အတူနေမိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

စဉ့်ကိုင် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၅ခုနှစ်၊ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီ မီးသွေးဘုတ်ကျေးရွာအုပ်စုရှိ အမှတ် (၂) လေကြောင်းရန်ကာကွယ်ရေး သတိပေးတပ်ရင်းခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူ၊ မြို့နယ်‌‌ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂)လေကြောင်းရန် ကာကွယ်ရေး သတိပေးတပ်ရင်း၊ အမှတ်(၃၀၂၅) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း၊ အမှတ်(၇) လေကြောင်းရန်ကာကွယ်ရေး အလုပ်ရုံတပ်ရင်းတို့မှ တပ်မတော်သားများနှင့်အတူနေ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ဆောင်ရွက်ကြသည်။ ၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲစာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ(၁)နာရီအချိန်တွင်လည်း ဘယ်လင်းအကျဉ်းဦးစီးဌာန၊ ဘယ်လင်း(၁) ကုန်ထုတ် စခန်းနှင့် ဘယ်လင်း(၂) ကုန်ထုတ်စခန်းများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များအား မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)