ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေ ၁၁ ကြိမ်မြောက်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဇီးကျွန်းကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများကို တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ချေးငွေအတိုးနှုန်းများနှင့် ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဇီးကျွန်းကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၉၅ ဦးကို (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေကျပ် ၄၆ ဒသမ ၆ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )