လိပ်သို ဒီဇင်ဘာ ၁၀
ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr သိန်းမောင်၏ အဖွင့်ဆုတောင်းမေတ္တာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ “တိတ်ဆိတ်ည၊ သန့်ရှင်းည” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက ခရစ္စမတ်နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ Rev.Fr သိန်းမောင်က ခရစ္စမတ်သတင်းကောင်း ဟောကြားခြင်း၊ ဧဝံဂေလိ နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဉီးမန်းမော်လီကားက ခရစ္စမတ်အထူးဆုတောင်းပေး ခြင်း၊ ရန်ကြီးအောင်ကျောင်းတိုက်ဆရာတော် ဦးဣဿရိယက ဦးဆောင်၍ အ.ထ.က ကျောင်းအတွက် အန္တရာယ်ကင်းပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဇာယ်ခြင်း၊ Rev.Fr သိန်းမောင်ကကျောင်းအဆောက်အဦးများအား မင်္ဂလာရေများ ပက်ဖျန်းပေးပြီး ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများအားလုံးအတွက် အထူးဆုတောင်းပေးခြင်းနှင့် ခရစ္စမတ်ကောင်းချီး မင်္ဂလာပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများက “လောကဝမ်းမြောက် ဘုရားကြွလာ” အပိတ်သီချင်း သီဆိုချီးမွမ်းခြင်းတို့ဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ဆရာတော်များ၊ ဘုန်းတော်ကြီးများနှင့် ဧည့်သည်တော်များအား ခရစ္စမတ် မိတ်သဟာရဖွဲ့ခြင်း၊ ခရစ္စမတ်လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း