ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဒီဇင်ဘာ ၁၀  ရက်နေ့ နံနက်  ၁၀ နာရီခွဲက  အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။                                                                         

ဟောပြောပွဲတွင်  ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ‌‌ဒေါ်ကေခိုင်ဝင်းက လူကုန်ကူးမှုပြသနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမကကမ္ဘာ့နိုင်ငံအသီးသီး မှာပါရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အမျိုးသား၊အမျိုးသမီးနှင့်ကလေးသူငယ်တွေကို ငွေကြေးနှင့် သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းများလိမ်ညာခိုင်းစေခြင်း၊ ငွေကြေးလိမ်ညာမှု ပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသောသူများကို နိုင်ငံခြားသားများဖြင့် ထိမ်းမြားလက် ထပ်စေခြင်းစသော လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့်လူကုန်ကူးမှုကိုတိုက်ဖျက်ရာတွင် လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်သင့်ကြောင်းကို   အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍   လူကုန်ကူးခံရသူများရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးမှု၏အစိတ်အပိုင်းများစသည့် အသိပညာပေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အကြောင်းအရာများပါဝင်သည့် နံရံကပ် စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)