ဘားအံမြို့၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်

ဘားအံ   ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဘားအံ)မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၅)ကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသော အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏အားထုတ်မှုသည် ဆေးစွဲသူ တစ်ဦး၏ဘဝကို ပြန်လည်ထူထောင်ရာတွင် အဓိကသော့ချက်တစ်ခုအဖြစ် သတိပြုမှတ်ယူပြီး လူမှုရေးပြန်လည်ထူထောင်ရေးနည်းလမ်းများကို လေ့လာသင်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)မှ  ဦးစီးအရာရှိ ဒေါ်မေသဇင်လှိုင်က သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၈ ရက်နေ့ မှ ၁၂  ရက်နေ့ထိ  မူးယစ်ပြန်လည်ထူထောင်ရေးအသင်း ဗဟိုမှတာဝန်ရှိသူများ၊ အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စု(ဘားအံ)၊ အမှတ်(၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကြက်ခြေနီအသင်း၊ စိတ်ပညာဆရာဝန်၊ ကရင်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)တို့မှ  သင်တန်းနည်းပြများက သင်တန်းသား၊ ကျောင်းသူ(၂၀)ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)