ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်း​နေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၀

ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (ပဥ္စမအကြိမ်)ကို ယနေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အာဟာရချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ်ဆောင်ရွက်နေမှုအား  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးကြည်သင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတတ်စေရန် ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်စေရန်နှင့် မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၆) ကျောင်းရှိ KG အတန်းကျောင်းသား၊ ကျောင်းသူများအား(ပဥ္စမအကြိမ်)ကျောင်းတွင်း အာဟာရကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)