ဟင်္သာတ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မော်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းကိုပြုလုပ်ခဲ့ရာ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် ဦးစီးအရာရှိ ဒေါ်အေးအေးမာက ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်ကျင့်ဝတ်နှင့်တာဝန်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး တတ်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မေးမြန်းလာသည်များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး၊ အဆိုပါလူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့်ဝန်ထမ်းများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)