မိုးညှင်း ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် (၉) နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင် ရာအကြီးအကဲများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် အ.ထ.က(၁)မှ ကျောင်းသားကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့် က အမှာစကားပြောကြားရာတွင် ကျောင်းသား ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ရင့်ကျက်တည်ငြိမ်မှုရှိသည့် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌက ငွေကျပ်သုံးသိန်းတန်ဖိုးရှိ သုတ/ရသ စာအုပ်များကို ပေးအပ်လှူဒါန်းရာ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မာရီက လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုများရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့မှ ဆုရရှိကြသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ကြပြီးနောက် ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြစ်သည့် “ပြည်ထောင်စု၏ ထာဝရအလှ”သီချင်းနှင့် ကချင်တိုင်းရင်းသားရိုးရာ အကအလှများဖြင့် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြသည်။
မွန်းလွဲပိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေကဦးဆောင်၍ အ.ထ.က (၁) မိုးညှင်းမှ ကျောင်းသား ကျောင်းသူများမှ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဗလငါးတန်၊ လူငယ်နှင့်စာပေလေ့လာမှု၊ လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်းအား ဆွေးနွေးပြောကြားကြပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတို့မှ ပထမဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများက ကျပန်းစကားပြောခြင်းနှင့် ပုံပြင်ပြောခြင်း အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် “လှပသာယာပြည်မြန်မာ”ရောင်စုံဓါတ်ပုံများ၊ ပြည်နယ်အတွင်းရှိအထင်ကရ တန်ခိုးကြီးဘုရားများနှင့် သဘာဝရှုခင်းအလှဓာတ်ပုံများအပါအဝင် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရတစာအုပ် စာစောင်များကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း