ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ် (၁၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်ရွှေက စာပေဖတ်ရှုခြင်းသည် အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် ထူးချွန်သူများ ဖြစ်လာမည်ဖြစ်သည့်အတွက် အားလပ်ချိန်များတွင် စာအုပ်၊ စာပေများ ရှာဖွေဖတ်ရှုကြစေလိုကြောင်းနှင့် စာပေအကြောင်းများ  ဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)