ဂန့်ဂေါမြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား ပဉ္စမအကြိမ်မြောက် အာဟာရကျွေးမွေး

ဂန့်ဂေါ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်ကောင်းများ စွဲမြဲစွာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ပဉ္စမအကြိမ်မြောက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း) တွင်  ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ပဉ္စမအကြိမ်မြောက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ဒီဇင်ဘာ ၁၀ ရက် ၁၁ နာရီအချိန်က ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၇)ကျောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်းနှင့် ကျောမြို့ရှိ အခြေခံပညာကျောင်း(၄)ကျောင်းစသည့် ကျောင်းပေါင်း(၁၉)ကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၂၆)ဦးကို သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများ ဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ဆရာမများစုပေါင်း၍ နေ့လယ်စာ အာဟာရဖြစ်စေမည့် ထမင်း၊ ဟင်းနှင့် အာဟာရဖြည့်စွက်စာများကို ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ပဉ္စမအကြိမ်မြောက် KG ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရကျွေးမွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ခံဆေးရုံအုပ် ဒေါက်တာဝင်းထိုက်နှင့် မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့်  ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် အခြေခံပညာမူလတန်းကျောင်း (မြို့မတောင်ပိုင်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း