ဒေးဒရဲ ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဇီးဖြူချောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးစွာ အသုံးချနိုင်စေရေး၊ စေရေးအတွက် အခြေခံပညာကျောင်းများအရောက် ကွင်းဆင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း