ပခုက္ကူ ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူ ဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ဒုတိယရဲအုပ် ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်စဉ်များနှင့် နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)