ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် မြန်အောင်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက မြန်အောင်မြို့တွင်းရှိဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

 

မြန်အောင် ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကော်မတီဝင်များပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြန်အောင်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ စပ်ဆေး၊ တွဲဆေးများ ရောင်းချမှုမရှိစေရန်နှင့် ပဋိဇီဝဆေးများအား ဆရာဝန်ညွှန်ကြားချက်ဆေးစာ ပါရှိမှသာ ရောင်းချမှုရှိစေရန်နှင့် သက်ဆိုင်ရာဌာနများမှ အခါအားလျော်စွာထုတ်ပြန်ထားသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိ၍ လိုက်နာဆောင်ရွက်ကြစေရန်ရည်ရွယ်ချက်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး လိုအပ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။ ဆေးဆိုင်များ ဆေးဝါးရောင်းချမှု စစ်ဆေးခြင်းကို ဟင်္သာတခရိုင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာဘရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ကြောင်းသိရသည်။

မြန်အောင် (ပြန်/ဆက်)