ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးဆောင်ရွက်

ပျော်ဘွယ် ဒီဇင်ဘာ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာအသီးသီး၌ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ပေးခြင်းကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

နိုင်ငံ့ဝန်ထမ်းများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် “ကျွန်တော်တို့အနေနဲ့ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံ့ဝန်ထမ်းတွေ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ဖို့ အတွက်၊ မှတ်ပုံတင်အခက်အခဲကြောင့် ဆန္ဒမဲမပေးလိုက်ရတာဆိုတဲ့ ကိစ္စရပ်မျိုးတွေ မဖြစ်ပေါ်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးထက်ကိုအောင်က ရှင်းပြသည်။

ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် အိမ်ထောင်စုပုံစံယူဆောင်လာရန် လိုအပ်ကြောင်း၊ မှတ်ပုံတင်ရရှိရေးဆောင်ရွက်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရမည်းသင်းခရိုင်ဦးစီးမှူး ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)