ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်း၌ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

ဘားအံ ဒီဇင်ဘာ ၁၀

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ရွှေကင်းအခြေခံပညာမူလတန်းကျောင်းတွင် (၆၀ပေx၃၀ပေ)RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်း ပေးအပ်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်နေ့က အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

ရွှေကင်းအခြေခံပညာမူလတန်းကျောင်းသည် တိုးပွားလာသော ကျောင်းသားဦးရေနှင့်အညီ ကျောင်းဆောင်လိုအပ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅၂ ဒဿမ ၅၇၇ ကျပ်သန်းဖြင့် တစ်ထပ်ကျောင်းဆောင်သစ်ကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပညာရေးဌာနမှဖြည့်ဆည်းပေးထားသော ပရိဘောဂပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းရှေ့၌ ဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း တပည့်များအပေါ် ရင်ဝယ်သား၊ သမီးကဲ့သို့ စိတ်ထား မွန်မြတ်စွာဖြင့် စေတနာအရင်းခံထားပြီး ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်အား တာဝန်ယူတည်ဆောက်သည့် Min Engineering Group Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကရင်ပြည်နယ်အတွင်း USD 6 Million နှင့်ညီမျှသော မြန်မာငွေကျပ် (၁၂၆၀၀၀၀၀၀၀၀)ခန့် ရင်းနှီးမြှုပ်နှံ၍ ကရင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူများအားလုံး အတူတကွ သုံးစွဲနိုင်သော ဆက်သွယ်ရေး ကွန်ရက်ဘုံအခြေခံအဆောက်အုံစီမံကိန်းလုပ်ငန်းဆောင်ရွက်လိုသော Amara Communications Co.,Ltd မှ တာဝန်ရှိသူများအား ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် Amara Communications Co.,Ltd မှ တာဝန်ရှိသူများက B-O-T စနစ်ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ပုံစံ၊ အစီအစဉ်၊ စီမံကိန်းလုပ်ငန်းတည်ဆောက်ပြီး ဝန်ဆောင်မှုပေးမည့်ဧရိယာ၊ လုပ်ငန်းအတိုင်းအတာပမာဏ၊ ကွန်ရက်လွှမ်းခြုံနိုင်မှုအခြေအနေများကို အဆိုပြုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)