ကျောက်ဆည် ဒီဇင်ဘာ ၁၀
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာ ၈ ရက်က ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသက်က ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့်အတွက် သေချာမှတ်သားနာယူသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “လူငယ်နှင့်ရည်မှန်းချက်”၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက“လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)