မြစ်သား ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေးကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင်ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများလာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့်မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့်နည်းလမ်းများ ဖြင့်မျိုးပွား၍စိုက်ပျိုးနိုင်သည်။ သားတက်ကို အပင်ခြေမှ ( ၂ )ပေခန့်ချန်၍ ( ၃၊ ၄ )ရက်ခန့်အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် စိုက်ပျိုးမည့်ကျင်းအတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက် ဆွေး၊ နွားချေးတို့ကိုမြေသားနှင့် ရောနှော၍စိုက်ပျိုးရကြောင်း သိရသည်။ ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏အမြစ် ထိခိုက်မှုမရှိစေရန် အထူးဂရုပြုရှင်းလင်းဆောင်ရွက်ပေးခြင်း၊ မိုးရာသီကာလရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျောပင်စည်ခြေကိုမြေဖို့ခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသောအရွက်များကိုစနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်းစသည်တို့ဖြင့် ငှက်ပျောပင်များအား စိုက်ပျိုးထားသင့်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရခြင်းကြောင့် တောင်သူအများစုကအားထားစိုက်ပျိုးကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)