ငါန်းဇွန် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား/ကျောင်းသူများဖြစ်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မယွန်းနန္ဒာအောင်က “စာဖတ်ခြင်း၏ရလဒ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်အာကာအောင်က “စာတတ်မြောက်ရေးမှ ပညာခေတ်ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဝေမျိုးအောင်က “လူငယ်တွေလောင်းကစားဂိမ်းနွံမနစ်စေဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မဆုနဒီလွင်က “ကြည်ညိုလေးစားရသော မြတ်ဆရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား/ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများမှ အောင်ဆန်းခန်းမရှေ့၌ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)