ချမ်းမြသာစည်မြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲ ချယ်ရီစူပါစိမ်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲအုပ်ကျော်ဆန်းလှိုင်က ကျောင်းသား/ကျောင်းသူလူငယ်များ မိမိကိုယ်ကို ချစ်တတ်စေရေး၊ မိမိကျောင်းကိုချစ်တတ်စေရေး၊ မိမိ၏နိုင်ငံနှင့်လူမျိုးကို ချစ်တတ်စေရန်နှင့် ရှောင်လေဝေဝေမူးယစ်ဆေး ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ရှားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူလူငယ်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲအုပ်ကျော်ဆန်းလှိုင်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)