ကျောက်ပန်းတောင်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၀

ကျောက်ပန်းတောင်းမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းတို့တွင်ပါဝင် ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီအချိန်က ပြည်သူ့အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေဖွင့်လှစ်ကာ ကျောက်ပန်းတောင်း၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဟိန်းဆက်က ယခုကျင်းပသည့်ပွဲတော်သည် လူငယ်များအတွက် သင်ယူလေ့လာရမည့်အကြောင်းအရာ များစွာရှိပါကြောင်း၊ စာပေနှင့်ရင်းနှီးပြီး စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေမှာဖြစ်ကြောင်း ပြောကြားဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများက  မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း