ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

ပုလော ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက (တတိယအကြိမ်) တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ပုံစံ (၃) ၊ ပုံစံ (၄) နှင့် ပုံစံ ၄ (ဂ) တို့ဖြင့် လျှောက်ထားသည့် လျှောက်လွှာပါ အချက်အလက်များနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ Sever ဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇာကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပြန်/ဆက်)