တံတားဦးမြို့ boc စက်သုံးဆီအရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ

တံတားဦး  ဒီဇင်ဘာ ၁၀

တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့က boc စက်သုံးဆီ အရောင်းဆိုင်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည် ။

 လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲတွင် တံတားဦးမြို့ boc စက်သုံးဆီ အရောင်းဆိုင်တာဝန်ခံ မန်နေဂျာ ဦးကျော်ဇေယျသင်းက သရုပ်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်‌ကြားပြီး ပွင့်လင်းရာသီကာလသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က  မီးသတ်ဆေးဘူးများထာရှိရေး၊ ဆေးဘူးများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိမှုစသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန်တို့ကို boc စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းများအား ပညာပေးဟောပြောပြီး  မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော  တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှုတွင် မီးသတ်ဆေးဘူးဖြင့်လည်းကောင်း၊ ရေစိုအဝတ်ဖြင့်လည်းကောင်း မီးငြှိမ်းသတ်ခြင်းကို အသီးသီးလက်တွေ့သရုပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင်တွင်ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ပွင့်လင်းရာသီတွင် တံတားဦးမြို့နယ်၌ မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရေး မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြိမ်းသတ်နိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို အသိပညာပေးဟောပြောမှုများနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)