အောင်မြေသာစံခရိုင်တွင် ရွေးကောက်ဆိုင်ရာ အသိပညာပေး (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပုသိမ်ကြီး ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် နယ်နိမတ်အစပ်ရှိ ၁၉ လမ်းမကြီး မြို့ပတ်လမ်းထိပ်၌ ကျင်းပရာ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊  အောင်မြေသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စာသားပါ ဆိုင်းဘုတ်အား အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ နှစ်မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပတ်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် လက်ကမ်းစာစောင်တွင် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ဟု အသိပညာပေး လက်ကမ်းစာစောင်များအပြင် မော်တော်ယာဥ်များတွင် စတစ်ကာများကပ်နှိပ်ခြင်းတို့ကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး (Billboard) စိုက်ထူခြင်း သုံးနေရာ၊ ပုသိမ်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး (Billboard) စိုက်ထူခြင်း သုံးနေရာတို့တွင် ဆောင်ရွက်ခဲ့ပြီး၊ အခြား “ဒို့အတူတူမဲပေးစို့” ဗီနိုင်းဘုတ်များကိုလည်း မြို့နယ်အတွင်း ရပ်ကွက်များ၊ ဈေးများတွင်လည်း စိုက်ထူထားပြီးဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)