ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေဒီဂရီကောလိပ် (မြစ်ကြီးနား)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားအသင်းများအား ပညာရေးကဏ္ဍတွင် ဦးဆောင်ကြမည့် ဆရာ/ ဆရာမလောင်းများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ပျော်ရွှင်ချမ်းမြေ့စေရေးကို ဦးတည်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲမှသည် အသင်းအဖွဲ့များ၏ အောင်နိုင်ရေးအတွက် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အကျင့်ကောင်းများရရှိပြီး မိမိတို့တာဝန်ကျရာဒေသတွင် အားကစားနှင့်ပတ်သက်၍ ဦးစီးဦးဆောင်ပြုလုပ်နိုင်မည် ဖြစ်သလိုတပည့်များကိုလည်း ဗလငါးတန်နှင့်ပြည့်စုံအောင်ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်ဥမ္မာမြင့်က ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းကောင်စီအသင်း (၅) သင်းမှ အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲဝင်ဖူဆယ်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထို့နောက် သင်တန်းသူများ၏ လောကအားမာန်တေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုအားလည်းကောင်း၊ အဖွင့်ပွဲစဉ်အဖြစ် အမျိုးသားဖူဆယ်ပြိုင်ပွဲ အနော်ရထာအသင်းနှင့် ဗန္ဓုလအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းသာယာပိုက်ကျော်ခြင်းအားကရုံ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ကျောင်းကောင်စီအသင်း (၅) သင်း၏ ပြိုင်ပွဲဝင် အမျိုးသား ပိုက်ကျော်ခြင်းအသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို သင်တန်းသား/ သင်တန်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)