ချမ်းမြသာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘတ်စကတ်ဘောအားကစားရုံ၌ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ညနေ ၅ နာရီအချိန်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနက် အသက် ၁၈ နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ/ပျောက်ဆုံး/ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၅၂ ခုတို့ကို နေ့ချင်းပြီးဆောင်ရွက်ခဲ့ပြီး အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများက ပြည်သူများ လက်ဝယ်အရောက် နေ့ချင်းပြီး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)