သာစည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ

သာစည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက တမာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကျောင်းအုပ်ကြီးဦးမြင့်သိန်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့်ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ Grade-10 မှ မောင်ဥက္ကာမင်းခန့်ကျော်က လူငယ်နှင့်ကျန်းမာရေး၊ မမေမွန်စိုးက လူငယ်နှင့်စာပေ၊ Grade-11 မှ မဖြူစင်ကျော်က လူငယ်နှင့်စာရိတ္တနှင့် Grade-8 မှ မောင်စည်သူလွင်က လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက် ၍ မိမိတို့ အတွေးအမြင်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 

၎င်းနောက် ကျောင်းသား/ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတရသ စာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)