မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ

မြစ်သား ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “လူငယ် ဆိုတာလန်းရမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ခြင်းမှရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက်ပြုလုပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်  (တရားလွတ်တော်ရှေ့နေ) ဒေါ်ထွန်းထွန်း‌မော်က “ကျွမ်းကျင်သူဖြစ်စေတဲ့နည်း” ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များကို စာပေဝါသနာရှင် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)