ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲပြုလုပ်

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲကိုပြုလုပ်ရာ ပင့်ဖိတ်ထားသော ဩဝါဒစရိယဆရာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ နာယကလူကြီးမင်းများနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဩဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ကမ္ဘာအေးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဓဇဘဒ္ဒန္တဝိမလထံမှ ဩဝါဒခံယူဆောက်တည်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကနှင့် အဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီးနှင့်ပတ်သက်၍ တင်ပြလျှောက်ထားကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ ဘုရားငါးဆူစေတီတော်မြတ်ကြီးဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီးကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲအား ဒီဇင်ဘာ ၁၄ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဆင်ပေါင်ဝဲမြို့ကျက်သရေဆောင် ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီးတွင် ဗုဒ္ဓဘုရားရှင်၏ သရီယဓာတ်တော်မြတ်များနှင့် ရဟန္တာဓာတ်တော်မြတ်များအား မူလစံမြန်းရာဂန္ဓကုဋီတိုက်မှ မှန်ကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပူဇော်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ရွှေစည်အောင်အနုပညာအင်အားစု ဇာတ်ပွဲဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)