ချမ်းအေးသာစံ ဒီဇင်ဘာ ၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတွင်းရေးမှူး၊ မန္တလေးတပ်နယ်မှ တပ်နယ်မှူးနှင့်စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးတွင် အပိုင်း (၃) ဖြင့် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို မြို့နယ် ၉ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၀၇၃ ရုံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အပိုင်း (၃) ကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လုံခြုံအေးချမ်းစွာဆန္ဒမဲပေးနိုင်ရေးအတွက် ဗဟိုကော်မတီ၏လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့်ပေါင်းစပ်ပြီး လုံခြုံရေးသတိလုံခြုံရေးအသိတို့ဖြင့်စနစ်တကျကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည်များကိုအချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင် ကန်ပိန်းပြုလုပ်နေသော အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း နှင့် ၆၆ လမ်းထောင့်သို့လည်းကောင်း၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်သို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ လမ်းသွား/လမ်းလာပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမသို့ သွားရောက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသော ပြည်သူများအားလည်း ကောင်း၊ မန္တလေးအဆင့်ဈေးချိုတော်နှင့် မန်းမြန်မာပလာဇာသို့ သွားရောက်၍ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအားလည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး) သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအားလည်းကောင်း “ဒို့အတူတူမဲပေးကြမယ်”၊“ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)