ဘားအံ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယမန့်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မဲရုံဖွင့်လှစ်မည့် အခြေခံပညာကျောင်းများရှိ စာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်းများ၊ မဲရုံများအား မီးဘေးအန္တရာယ်နှင့် အခြားသောမတော်တဆမှုများ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန်တုံပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဘားအံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းနိုင်ထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဘားအံမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)