စဉ့်ကိုင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ လူငယ်ရေး‌ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ (၁) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (တရုတ်စု) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်သား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးဆွေးဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက ‌ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

လူငယ်ရေးရာဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်၊ အခြေခံပညာအလယ်တန်းကျောင်း (တရုတ်စု) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)