စဉ့်ကိုင်မြို့နယ် ဘဝအလင်းသစ်စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက သင်္ဂတုံကျေးရွာရှိ ဘဝအလင်းသစ် စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန်စသည်တို့ကိုရည်ရွယ်ကာ ယခုလို ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူကုန်ကူးခံရခြင်းနှင့်ပတ်သက်ပြီး လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်ချိန်ကန့်သတ်ထားရှိမှုများ၊ ဥပဒေပုဒ်မများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက်ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)