ရွှေကျင် ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်းမှကြီးကြပ်၍ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များက ယနေ့နံနက်(၉)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြို့မဈေးအတွင်းနှင့် ဈေးရှေ့လူစည်ကားရာနေရာများ၊ ရွှေကျင်-တောင်ဘက်သွားတံတားနှင့် မြို့အဝင်မင်္ဂလာမုဒ်ဦးနေရာတို့၌ ပြည်သူများနှင့် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များပေါ်ရှိ ပြည်သူများအား ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့။ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)