ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မဲရုံများအဖြစ်ဆောင်ရွက်မည့်နေရာများ ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများအဖြစ် အသုံးပြုဆောင်ရွက်သွားမည့် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ လျာထားမဲရုံများ၏ အဆောက်အဦးနေရာများအား ယမန်နေ့မွန်းလွဲ ၁ နာရီမှစတင်ပြီး ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့များ၊ သက်ဆိုင်ရာဌာနများဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးမှ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့များအား မဲရုံလျာထား အဆောက်အဦးများအပေါ် မူတည်၍ ပြင်ဆင်ဆောင်ရွက်သွားရမည့်လုပ်ငန်းများ၊ မဲရုံပရဝဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ မဲရုံများ၏ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ မီးဘေးဆိုင်ရာလုံခြုံရေးကိစ္စများအတွက် လိုက်လံစစ်ဆေးပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)