ပေါက်ခေါင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပေါက်ခေါင်း ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေးအ​ကြောင်းအရာများကို ဟောပြောခြင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်အေးအေးပိုက်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုမှာ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အလွန်ပြင်းထန်လျက်ရှိသော လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ဥပဒေရေးရာပြဿနာတစ်ရပ်ဖြစ်​ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်ရမည့်  အကြောင်းအရာများ၊ အကြမ်းဖက်မှုပြစ်မှုဆိုင်ရာ ဗဟုသုတများ၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်သော ဥပဒေများ၊ ထောင်ဒဏ်များနှင့် ပြစ်ဒဏ်အမျိုးအစားများ စသည့်အကြောင်းအရာတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊  ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၆၈)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)