အောင်မြေသာစံ ဒီဇင်ဘာ ၁၁
ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ နေရာသုံးနေရာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင် ကန်ပိန်းပြုလုပ်နေသော အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် ၆၆ လမ်းထောင့်သို့လည်းကောင်း၊ ၂၆လမ်းနှင့် ၆၆ လမ်းထောင့်သို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ လမ်းသွား၊ လမ်းလာပြည်သူများအား ဒို့အတူတူမဲပေးကြမယ်၊ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
ထို့အတူ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် လမ်းသွားလမ်းလာ မဲဆန္ဒရှင်ပြည်သူများအား ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)