ပျော်ဘွယ်မြို့နယ် အ.ထ.က-ခွဲတွင် အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဒီဇင်ဘာ ၁၁

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း၊ မိမိတို့နှင့် လိုက်လျောညီထွေဖြစ်မည့် စာပေများကိုရွေးချယ်ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ အသိဉာဏ်ရင့်သန်စေရန်၊ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် အရောင်များအား သိရှိစေရန်အတွက် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသသည့် အသိပညာပေးနံရံကပ် စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)