ကဝ ဒီဇင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုရားကလေးဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းက မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ကော်မရှင်ဦးစီးအရာရှိ ဦးအောင်ကျော်က ရွေးကောက်ပွဲကျင်းပမည့်ပုံစံ (အပိုင်းလိုက်)တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလာဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလာဒ်မှန်မမှန် စီစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူများအား “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)