ကျောက်ဆည် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ဖြစ်ပေါ်လာသည့်သဘာဝဘေးများကို ပြည်သူများကြိုတင်သိရှိနိုင်ရန် ရည်ရွယ်၍ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကျိုးဆက်များကြောင့် ကမ္ဘာ့ဒေသအသီးသီးမှာ ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးဆိုင်ရာ ကြိုတင်ပြင်ဆင်တုန့်ပြန်နိုင်ရေးအတွက် ဆွေးနွေးပွဲများ၊ မိုးလေဝသဆိုင်ရာဖိုရမ်များ၊ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ သင်တန်းတွင် ပို့ချခဲ့သော အကြောင်းအရာများကို သေချာမှတ်သားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းကို ဆက်လက်ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုက်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက “သဘာဘေးဆိုင်ရာကြိုတင်သတိပေးစနစ်”၊ “သဘာဝဘေးအန္တရာယ်များအပါ်စီမံခန့်ခွဲခြင်း”၊ “အရေးပေါ် ကယ်ဆယ်ရှာဖွေခြင်း”၊ “ကျောက်ဆည်မြို့၏ ရာသီဥများ”၊ “ရာသီဥတုနှင့်ကျန်းမာရေး”၊ “ဇော်ဂျီမြစ် ရေသောက်စနစ်နှင့် ဇော်ဂျီမြစ်ရေဘေးကာကွယ်ရေးကြိုတင်သတိပေးစနစ်”၊ “ငလျင်ဘေးအန္တရာယ်သိမှတ်ဖွယ်ရာ” အကြောင်းများကို အသီးသီး ရှင်းလင်းပို့ချဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်မှုကြောင့် ကျောက်ဆည်ခရိုင်အတွင်း ရာသီဥတုပြောင်းလဲမှု အခြေအနေများနှင့် ဒေသအတွင်း ပြောင်းလဲလာသော ရာသီဥတုအခြေအနေများကို ပိုမိုသိရှိပြီး ရာသီဥတုဘေးဒဏ် ခုခံကာကွယ်နိုင်စွမ်းများ ပိုမိုမြင့်မားလာခြင်း၊ သဘာဝဘေးများနှင့်သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရာတွင် အထောက် အကူကောင်းများရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)