သဲကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၂

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံစာ​​စောင်ပြပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အ.မ.က (သိမ်ကုန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝစေရန်၊ ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများအား သိရှိနိုင်​စေရန်ရည်ရွယ်၍ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်နော်ဌေးဌေးမြင့်တို့က ကျောင်းသား/ ကျောင်းသူများ စာပေအသိပညာ ဗဟုသုတရရှိစေရန် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)