ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ဟားခါးမြို့နယ်သို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၁၃

ဟားခါးမြို့နယ်သို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ ( ၃ ) လစာ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက တွေ့ဆုံစကားပြောကြားပြီး ယာယီနေရပ်စွန့်ပြည်သူတစ်ဦးအား ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ(၃) လစာ ထောက်ပံ့ငွေကျပ် ၆၀,၀၀၀/ လွှဲပြောင်းပေးအပ်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုယ်စား ဦးကပ်ထောင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အခမ်းအနားသို့တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ပြည်သူများအား အားပေးစကားပြောကြားကာ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအားထောက်ပံ့ငွေလွှဲပြောင်းပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဟားခါးမြို့နယ်သို့ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ဇန်နဝါရီလတွင် နေရပ်စွန့်ပြည်သူ (၃၁၄၂) ဦးအတွက် ကျပ် ၆၂ ဒသမ ၈၄ သန်း၊ ဖေဖော်ဝါရီလနှင့် မတ်လတွင် (၃၀၃၆) ဦးအတွက် ကျပ် ၁၂၁ ဒသမ ၄၄ သန်း၊ ဧပြီလ၊ မေလနှင့် ဇွန်လတွင်(၄၄၆၃) ဦးအတွက် ၂၆၇ ဒသမ ၇၈ သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပြီး ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် (၅၆၇၂)ဦးအတွက် ကျပ် ၃၄၀ ဒသမ ၃၂ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)