မကွေး ဒီဇင်ဘာ ၁၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက် ၅ နာရီက မကွေးမြို့၊ တိုင်းအားကစားကွင်းရှေ့၌ ကျင်းပသည်။
အဆိုပါလူထုစုပေါင်း လမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦတင့်လွင်၊နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူ လူထုများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော် ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် တိုင်းအားကစားကွင်းမှစတင်၍ ပြည်တော်သာလမ်း၊ ထိုမှတဆင့် မြို့ပတ်လမ်းတစ်လျှောက်၊ အ.ထ.က(၁)လမ်းမှ အဝေရာလမ်းအတိုင်းစုပေါင်းလမ်းလျှောက်၍ တိုင်းအားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁ + ၂) နှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထူအားကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ သံလုံးပြစ်ပြိုင်ပွဲ၊ အပျော်တမ်းသံပုံးရိုက်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းသွင်းပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲကျင်းပနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်၊ အဆိုပါဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား ၊ကျောင်းသူများနှင့်ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး တိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင်လည်း တစ်ပြိုင်တည်းပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)