ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းတက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် လမ်းလျှောက်ပွဲသို့ စုပေါင်းပါဝင်လာသော ပြည်သူများသည် ပြည်လမ်း၊ ရှင်စောပုလမ်း၊ ဦးဝိစာရလမ်းမှ ပြည်သူ့ရင်ပြင်သို့ စုပေါင်းလမ်းလျှောက်ခဲ့ပြီး ပြည်သူ့ရင်ပြင်၌ သွေးပူလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ခြင်းသည် ပြည်သူလူထုကို ကျန်းမာရေးအထောက်အကူပြုသည်သာမက၊ လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြည့်စုံကောင်းမွန်စေသည့် စွယ်စုံရသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သောကြောင့် အသက်အရွယ်မရွေး၊ လူတန်းစားမရွေး အားလုံးပါဝင်နိုင်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ လေ့ကျင့်ခန်းအပြီးတွင် အာလူးကောက် ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူလူထုနှစ်ထောင်ကျော်ပါဝင်ဆင်နွဲပြီး ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဒီဇင်ဘာလတစ်လလုံး စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် (လမ်းမတော်)