ချမ်းအေးသာစံ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်တပ်နယ်မှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အတွင်းရေးမှူး၊ တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ငုက္ခလေးကျေးရွာရှိ ရာဇအောင်မြေစေတီတော် တည်ဆောက်နေမှုနှင့် ထီးတော်တင်လှူနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံဃာတော်များအား ဖူးမြော်၍ ရာဇအောင်မြေစေတီတော် တည်ဆောက်နေမှု၊ ထီးတော်တင်လှူနိုင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဩဝါဒများခံယူပြီး အောင်မြေကျောက်ဂူအပေါ်တွင် ရာဇအောင်မြေစေတီတည်ဆောက်ခြင်း၊ ရင်ပြင်တော်အား ကွန်ကရစ်လောင်းခြင်းပြီးစီးမှု၊ ရင်ပြင်တော်ပေါ်သို့ တက်သည့်လမ်းအား ကွန်ကရစ်လမ်းဖောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် သပြေညီနောင်အောင်ဇေယျမုနိ စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ရင်ပြင်တော်နှင့် ပရဝုဏ်သန့်ရှင်းသာယာလှပရေးတို့အတွက် လုပ်ငန်းကဏ္ဍများအလိုက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီးနောက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ ဘူတာအနီးရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ၊ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းဥပစာရှေ့တွင် (၁၀)ပေအကျယ်ရှိ လူသွားပလပ်ဖောင်း တည်ဆောက်သွားနိုင်ရန်နှင့် ပြင်ဦးလွင်ဘူတာအနီးရှိ အောင်ဇေယျလမ်းမအား (၄၈)ပေ အကျယ် တိုးချဲ့နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဆောင်ရွက်မည့်လုပ်ငန်းများကို အမြန်ဆုံးစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်တည်ဆောက်ရေးစီမံကိန်း သို့ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းအဆင့်ဆင့်အလိုက် ဆောင်ရွက်နေမှု၊ အထပ်လိုက် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို Air Condition System မှလွဲ၍ ကျန်လက်စစ်ဓာတ်အားလိုအပ်ချက်ကို ခြောက်နာရီကြာ Solar System ဖြင့် ပံ့ပိုးပေးနိုင်ရန်အတွက် Solar Panel များ တပ်ဆင်နေမှု၊ ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)