လက်ပံတန်း၌ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်လှစ်

လက်ပံတန်း ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀ ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက (၂)လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဟေမာမျိုးသိန်းက မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းစဉ်များနှင့် တာဝန်ပေးအပ်ခြင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်တုတ်က မဲရုံလုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး မဲရုံခင်းကျင်းမှုကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ကော်မရှင် ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များက သင်တန်းသားများ၏ မေးမြန်းဆွေးနွေး ချက်များကို အသေးစိတ်ရှင်းလင်းဖြေကြား၍ လက်ပံတန်းမြို့နယ်အတွင်း မဲရုံ ၁၄၂ ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူးများအား တာဝန်​ပေးခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။        

မြို့နယ် (ပြန်/ဆက်)