စစ်တွေ ဒီဇင်ဘာ ၁၄
(၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းမှတ် ဌာနဆိုင်ရာအမျိုးသား ဖူဆယ်ဘောလုံးပြိုင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဌာန ဘောလုံးအသင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ရဲတပ်ဖွဲ့ဘောလုံးအသင်းက (၂)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ အမျိုးသားလွန်ဆွဲပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက အနိုင်ရရှိသွားသည်။ ဆက်လက်၍ အမျိုးသမီးလွန်ဆွဲပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပြည်နယ်ပညာရေးအသင်းတို့ ယှဉ်ပြိုင်ကြရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက အနိုင်ရရှိသွားသည်။ ထိုသို့ အားကစားအသင်းများ ယှဉ်ပြိုင် နေစဉ်တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သမီးပျိုးလေးများက Fitness Dance များဖြင့် ကပြဖျော်ဖြေပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသမီးအငယ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအငယ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီးအကြီးတန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသားအကြီးတန်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဌာနဆိုင်ရာအသင်းများအား တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဘုန်းလျှံက ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိသော အသင်းအား၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက ဒုတိယဆုရရှိသော အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)