တနင်္သာရီ ဒီဇင်ဘာ ၁၄
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစုစုပေါင်း(၁၀၇၀)ဦးခန့်က ချောင်းကြီးရပ်ကွက်၊ ကျန်းမာရေးလမ်းနှင့် ရှင်မအောင်သာ စုရပ်မှ စတင်ထွက်ခွာပြီး ချောင်းကြီးရပ်ကွက်၊ မင်္ဂလာကြီးလမ်း၊ သုခလမ်း၊ ချောင်းငယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ အာယုလမ်း၊ ချောင်းကြီးရပ်ကွက်၊ မြို့အဝင်လမ်း၊ ပြည်ထောင်စုလမ်း၊ မြို့အဝင်ကမ်းနားလမ်းအတိုင်း မြို့တစ်ပတ်စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့မအားကစားကွင်းတွင် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ(၁)နှင့် Fitness Dance လေ့ကျင့်ခန်းတို့ကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးကာ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများက တက်ကြွစွာဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများက ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်းသိရသည်။
သီသီခိုင်(ပြန်/ဆက်)