ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကော့သောင်းမြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအားတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေး

ကော့သောင်း ဒီဇင်ဘာ ‌၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများအား   ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက" ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အလေးထား ဆောင်ရွက်‌ရန်လိုပါကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းပါရှိ‌စေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ ဆန္ဒမဲပေးရာတွင် အခက်အခဲမရှိမဲပေးနိုင်ရန်  ဆောင်ရွက်ထားရမှာ ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ထားသည့်မဲရုံများသို့ မဲပေးစက်များ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ မဲပေးစက်များ အသင့်ဖြစ်နိုင်ရေး၊ မဲပေးစက်ကိုင်တွယ် အသုံးပြုမည့်သူများ အသင့်ဖြစ်စေရေး၊ လုံခြုံရေးကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မဲစာရင်းများ တိကျမှန်ကန်မှုရှိရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ကော့သောင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ နည်းပညာအထောက်အကူပြုအဖွဲ့၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှုအခြေနေများ၊ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုနှင့် မဲရုံတည်နေရာ သတ်မှတ်ထားရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်မှု၊ MEVM ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းဆောင်ရွက်မှု အခြေအနေများ၊ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲတောင်းဆိုမှု အခြေအနေများ၊ မဲပေးစက် installation ပြုလုပ်ခြင်း၊ ရပ်/ကျေးအုပ်စုအလိုက် မဲပေးစက်ဖြန့်ခွဲပေးပို့ခြင်း၊ ပြန်လည်သိမ်းဆည်းမည့်အစီအမံများအားတင်ပြ၍ ကော့သောင်းခရိုင် /မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စေရေးကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြား၍  ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲပေးစက်များ စနစ်တကျထားရှိမှုများ၊ မဲရုံသုံးစာရေးကိရိယာများ ဆောင်ရွက်ထားရှိမှုနှင့်လုပ်ငန်းဆောင်ရွက်ချက်များအားကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)